ကျူးကျော်များအတွက် ကျပ်သိန်း ၃ဝ အောက် အိမ်ရာစီမံကိန်း စတော့မည်


ရန်ကုန်မြို့ရှိ ကျူးကျော်နေထိုင်သူများနှင့် ဝန်ထမ်းများအတွက် ဆောက်လုပ်မည့်အိမ်ရာစီမံကိန်းများကို လုပ်ကိုင်ရန် လုပ်ငန်းဆောင်ရွက်လိုကြောင်း စိတ်ဝင်စားသည့် အဆိုပြုလွှာများကို စက်တင်ဘာလအတွင်း ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က သြဂုတ် ၁၉ ရက်က  မြန်မာတိုင်း(မ်)ကို ပြောသည်။ 

ရန်ကုန်မြို့ရှိ ကျူးကျော်နေအိမ်များအတွက် လက်ရှိအစိုးရစတင်တာဝန်ယူချိန်မှစ၍ အပြောင်းအလဲပြုလုပ်ရန်ပြောဆိုခဲ့ရာ ယခုလို အဆိုပြုလွှာခေါ်ယူမှုသည် ကျူးကျော်များနေထိုင်ရန် အိမ်ရာစီမံကိန်းများအတွက် ခြေလှမ်းအစဖြစ်သည်။

''ရန်ကုန်မှာက မြေဈေးကြီးလို့ တိုက်ခန်းတွေခတွေက ဈေးကြီးတယ်။ ဒါကြောင့် ကျွန်တော်တို့က မြေဈေး ကုန်ကျစရိတ်ကို သုညအဖြစ်နဲ့ထားပြီး တည်ဆောက်ပေးမှာပါ။ စည်ပင်သာယာရေးကော်မတီမှာရှိတဲ့ မြေတွေကို စာရင်းပြုစုနေတယ်။ ဒါကို အစိုးရနဲ့ ပုဂ္ဂလိက အကျိုးတူပူးပေါင်းစနစ် (PPP)  အဖြစ်ထားမယ်။  အဲဒီအတွက် နောက်လမှာ စိတ်ဝင်စားမှုအဆိုပြုလွှာခေါ် မယ်''ဟု ဦးမောင်မောင်စိုးက ပြောသည်။

လက်ရှိနေထိုင်နေသည့် ကျူးကျော်များကို  ပြန်လည်နေရာချထားရန် ၁၅ ပေ၊ ၃၅ ပေအကျယ်အဝန်းရှိသည့် အဆောက်အအုံများကို ပဏာမဒီဇိုင်းများဆွဲပြီးဖြစ်သည်။ တန်ဖိုး ကျပ်သိန်း ၃ဝ အောက်ဝန်းကျင်ရှိမည်ဖြစ်ကာ စက်မှုဇုန်များနှင့် လက်ရှိနေထိုင်နေသည့် အနီးစပ်ဆုံးနေရာများတွင် ပြန်လည်နေရာချထားပေးရန် စီစဉ်ထားကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လက်ရှိတွင် မြေ သုံးဧကထက်ကျော်လွန်သည့် မြေနေရာများကို စာရင်းပြုစုနေပြီး လူထုအခြေပြု အိမ်ရာများဆောက်လုပ်ရန် မြေနေရာများကိုလည်း စိစစ်နေသည်။ လက်ရှိအချိန်တွင် အဆိုပါအိမ်ရာများတည်ဆောက်နိုင်ရေးအတွက် လေ့လာဆန်းစစ်မှုများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိသည်။

''လက်ရှိမှာ ကျွန်တော်တို့က ရှိပြီးသား ကျူးကျော်တွေကို စနစ်တကျ နေရာမပေးနိုင်သေးတဲ့အတွက်  မဖြစ်မနေ ဖယ်ရမယ့်နေရာတွေမှာပဲ ကျူးကျော်တွေကို ဦးစားပေးဖယ်ရှားနိုင်သေးတယ်။ တစ်ဖက်မှာ နေရာပြန်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်နေတော့ လာမယ့်နှစ်နှစ်လောက် အတွင်းမှာတော့  လက်ရှိကျူးကျော်အရေအတွက်ရဲ့ ရာခိုင်နှုန်း တော်တော်များများအတွက် ဖြေရှင်းပေးနိုင်မှာပါ''ဟု မြို့တော်စည်ပင် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသန်းက ဆိုသည်။

တည်ဆောက်ပြီး အိမ်ရာများကို နေရေးအတွက် အမှန်တကယ်ခက်ခဲနေသည့် ပင်စင်စားများ၊ အလုပ်လုပ်နေသော်လည်း ဝင်ငွေအခက်အခဲရှိသူများ၊ အထူးသဖြင့် နေရေးအတွက် အခက်အခဲအရှိဆုံးသူများကို အဓိကဦးစားပေး စဉ်းစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အိမ်ရာတည်ဆောက်မှု ချေးငွေကို နေထိုင်သူများက ပြန်လည်ပေးဆပ်ရမည့်အပြင် ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ဆောင်ရွက်ခွင့်မရှိကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူဦးရေ လေးသိန်းနီးပါးရှိပြီး မြို့နယ် ၂၇ မြို့နယ်တွင် ကျူးကျော်စာရင်းများကို ၂ဝ၁၆ မှစ၍ ကောက်ယူခဲ့သည်။  ကျူးကျော်နေထိုင်သူများကို သက်သေခံအဖြစ် စမတ်ကတ်များ ထုတ်ပေးခဲ့ပြီး စမတ်ကတ် ရရှိထားသော ကျူးကျော်နေအိမ်ပေါင်း တစ်သိန်းခွဲကျော်ရှိနေပြီး ထပ်မံတိုးပွားလာမည့် ကျူးကျော်နေအိမ်များလည်း ရှိနေသည်။

''ကျွန်တော်တို့ဘက်က စမတ်ကတ် ကောက်ထားတာတွေရှိတယ်။ ဒီ့အပြင်ကို တိုးလာတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် စာရင်းကောက်ယူမှုတွေကို ကြည့်လိုက်တဲ့အခါမှာ ရာခိုင်နှုန်း ၇ဝ ကတော့ စမတ်ကတ်ရရှိထားပြီးဖြစ်ပြီး ရာခိုင်နှုန်း ၃ဝ ကတော့ စမတ်ကတ်မရှိသေးတဲ့သူတွေ တွေ့ရပါတယ်။ အဲဒီလူတွေကို စာရင်းကောက်ပြီးရင် သူတို့ကို နေရာချထားပေးဖို့အတွက် စီမံမှာဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

ကျူးကျော်များအတွက် ၁၅ ပေ၊ ၃၅ ပေခန့်ရှိ အိမ်ရာများကို အစိုးရပိုင် မြေပေါ်တွင် ချေးငွေဖြင့် တည်ဆောက်ပေးမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ လာမည့်သုံးလအတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

''ကျူးကျော်တွေနဲ့ပတ်သက်ပြီး ပြောနေတာလည်းကြာပြီ၊ စမတ်ကတ်တွေလည်း ထုတ်ပေးထားတယ်။ အခုထိတော့ ဘာမှ တိတိကျကျ မသိရသေးဘူး။ ကိုယ်နိုင်သလောက်ပမာဏနဲ့ ပြန်ဝယ်ရမယ်ဆိုရင်လည်း အခုနဲ့ မဝေးတဲ့နေရာမှာပဲ ရချင်တယ်''ဟု မြောက်ဒဂုံတွင် နေထိုင်သည့် စမတ်ကတ်ရရှိထားသူ ဒေါ်ဖြူသွယ်က ဆိုသည်။

ကျူးကျော်နေထိုင်သူ အများစုသည် စက်ရုံအလုပ်ရုံ များအနီးတွင် နေထိုင်ကြပြီး အဆိုပါစက်ရုံများတွင် လာရောက်အလုပ်လုပ်ကိုင်သူများနှင့် စက်ရုံများအနီးငှားရမ်းနေထိုင်သူများကို အမှီပြုကာ လုပ်ကိုင်စားသောက်ကြသည်။

စီမံကိန်းများက ဆောက်လုပ်မည့် အိမ်ရာများတွင် ပြန်လည်ဝယ်ယူရပါက ကျပ်သိန်း ၃ဝ ဟူသော ပမာဏကို  တစ်ပြိုင်တည်းပေးရန် မလွယ်ကူကြောင်း ကျူးကျော်နေထိုင်သူများက ဆိုကြသည်။

''ကျွန်တော်တို့က အခုတောင် ကျူးကျော်မှာ အခန်း ငှားနေရတာ။ အိမ်ရာတွေကို တကယ်အိမ်မရှိတဲ့ သူတွေကို ပေးစေချင်တယ်။ သူတို့ပြောတဲ့ သိန်း ၃ဝ က ချက်ချင်းပေးလို့တော့ မတတ်နိုင်ဘူး'' ဟု ကျူးကျော်စမတ်ကတ် ရရှိထားသူ ဦးသောင်းတင်က ဆိုသည်။

လက်ရှိတွင်စမတ်ကတ်ထုတ်ပေးထားသည့် ကျူးကျော်နေအိမ်အရေအတွက်မှာ တစ်သိန်းခွဲကျော်ဖြစ်သောကြောင့်  အိမ်ရာလိုအပ်ချက်သည် အခန်းပေါင်း တစ်သိန်းကျော်ရှိမည်ဖြစ်သည်။ ကျူးကျော်နေထိုင်သူ အများစုသည် ရန်ကုန်မြို့ရွှေ့ပြောင်းလုပ်သမား အများစုရှိသည့်  ဒဂုံမြို့သစ် အရှေ့၊ အနောက်၊ တောင်၊ မြောက် မြို့နယ်များ၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် အများဆုံးနေထိုင်လျက်ရှိသည်။
Credit; Myanmar Time

Related News


ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများကို မထိန်းချုပ်နိုင်လျှင် မြန်မာ့ရေချိုငါးများ မျိုးတုံးပျောက်ကွယ်တော့မည်…

ကြေငြာတင်ခဲ့သည့်နေ့ 2020-01-20

သြစတေးလျနိုင်ငံမှာ ပိုးသတ်ဆေးအမျိုး ၂ဝ လောက် ခွင့်ပြုပေးလိုက်လို့ တစ်နိုင်ငံလုံး ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေ ပွက်လောညံနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေး၊ ပေါင်...
ဆက်ကြည့်ရန်

** ကျပ် (၆၆)သိန်းမှစ၍ အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် အိမ်ခန်းများ ဝယ်ယူနိုင်ပြီ **

ကြေငြာတင်ခဲ့သည့်နေ့ 2020-01-17

အဆိုပါ အိမ်ရာစီမံကိန်းများမှာ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သန်လျင်မြို့နယ်များမှဖြစ်ပြီး အခန်းတန်ဖိုးကျပ် (၆၆)သိန်းမှ ကျပ်သိန်း(၆ဝဝ)အထိ တန်ဖိုးနည်း၊ တန်...
ဆက်ကြည့်ရန်

အခွန်အကောက်ဥပဒေကြမ်းနှင့် လှုပ်ရှားလာနိုင်သည့် အိမ် ခြံ မြေ ဈေးကွက်

ကြေငြာတင်ခဲ့သည့်နေ့ 2019-08-26

''လာဗျာ ဦးသက်နိုင်''

 

စာရေးသူ၏ ရုံးခန်းတံခါးဝရှေ့တွင် ရောက်ရှိနေသော ဦးသက်နိုင်ကို စာရေးသူက လှမ်း၍ ခရီးဦးကြိုပြု လိုက်ခြင်းဖြစ်ပါသည်။

 

''မြို့တော် စည်ပင်ရုံးကိုလာရ...
ဆက်ကြည့်ရန်

ပါမစ် (Permit) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင်သတိပြုသင့်သောကိစ္စရပ်များ

ကြေငြာတင်ခဲ့သည့်နေ့ 2019-08-26

၁။ မြို့သစ်များတွင် သက်ဆိုင်ရာက ကနဦးအနေဖြင့် ပါမစ်ဖြင့် မြေကွက်ချထားခြင်းဖြစ်ပါသည်။ မြေဂရန်ကို နောင်မှ ဆက်လက်ထုတ်ပေးခြင်း ပြုပါသည်။ မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့...
ဆက်ကြည့်ရန်

အိမ်ဂရန်ကို အပေါင်ထားကာငွေချေးယူထားပြီး ပြန်မဆပ်နိုင်ပါက အိမ်ကိုသိမ်းဆည်းနိုင်ပါသလား

ကြေငြာတင်ခဲ့သည့်နေ့ 2019-08-26


အိမ်ဂရန်ကို အပေါင်ထားတယ်ဆိုတာ ရပ်ကွက်ထဲမှာ ထားတာလား၊ ဒါမှမဟုတ်ရင် ဘဏ်မှာ အပေါင်ထားတာလား ။ ရပ်ကွက်ထဲမှာ အပေါင်ထားရင် အဲ့ဒီလူသည် အပေါင် ခံခွင့် ၊ ပိုင်ခွင့် ရှိရဲ့လား ဆိုတဲ့အပု...
ဆက်ကြည့်ရန်

Top